Everything About IT Notes

Wednesday, August 8, 2012

ဆယ်လူလာ ဆက်သွယ်ရေး (Cellular Concept)

ဆယ်လူလာ ဆက်သွယ်ရေး (Cellular Concept)


GSM, CDMA စတဲ့နည်းပညာတွေဟာ့ ဆယ်လူလာ ဆက်သွယ်ရေး နည်းပညာကို အခြေခံကြပါတယ်၊ မြန်မာပြည်မှာ ဆယ်လူလာလို့ အလွယ်ခေါ်နေကြတဲ့ ဖုံးတွေဟာ တကယ်တော့ D-AMPS ဖုံးတွေပါ၊ ဆယ်လူလာဆိုတာ အဓိကကတော့ တနေရာနဲ့တနေရာ သွားလေရာ ယူဆောင်သွားပြီး ဆက်သွယ်နိုင်တဲ့ မိုဘိုင်းဆက်သွယ်ရေးစံနစ်ကို ခြုံငုံပြီးခေါ်တဲ့ Technology term ပါ၊ ခေတ်ဦးက မိုဘိုင်းဆက်သွယ်ရေးစံနစ်တွေမှာ လက်ကိုင်ဖုံးကနေ Base station ကို ချိတ်ဆက်ပြီး ဆက်သွယ်နိုင်တာခြင်းတော့ တူကြပါတယ်၊ အဓိကအခက်အခဲက Base Station ရဲ့ ဆက်သွယ်မှုဧရိယာ (Coverage Area) အပြင်ကိုရောက်သွားရင်ပဲဖြစ်ဖြစ် အခြားဆားဗစ်ပေးသူရဲ့
ဧရိယာထဲကိုပဲဖြစ်ဖြစ် ရောက်သွားခဲ့ရင် ဆက်သွယ်မှု မရနိုင်တော့တာပါပဲ၊ ဒီပြသာနာတွေကို ဖြေရှင်းဖို့ Bell Research ကနေ “Bell System Technical Journal” မှာ Cellular ရဲ့ ပထမဆုံး concept ဖြစ်တဲ့ AMPS (Advanced Mobile Phone System) ကို စတင်ဖေါ်ပြခဲ့ပါတယ်။
Cellular Phone ဆိုတာကတော့ ဆက်သွယ်ရေးဧရိယာ (Cell) တွေကို Base Station တစ်ခုစီကနေ ပိုင်းခြားထားပြီးဆက်သွယ်တဲ့ စံနစ်ပါ၊ ဒီ cells တွေအားလုံးကိုလဲ တစ်ခု ထက်ပိုတဲ့ ထိမ်းချူပ်ရေးဌာန (Control Center) တွေစီကနေ လိုအပ်သလို ထိမ်းသိမ်းနိုင်ပါတယ်၊ အားသာချက်ကတော့ သုံးစွဲသူဟာ cell area တစ်ခုကနေတစ်ခုကို ဆက်သွယ်မှု မပြတ်စေပဲ ပြောင်းလဲဆက်သွယ်နိုင်လာပါတယ်၊ သုံးစွဲသူဟာ ဘယ် Base Station နဲ့ သူချိတ်ဆက်နေသလဲဆိုတာ သူကိုယ်တိုင်သိစရာမလိုတော့ပဲ အလိုအလျောက် ပြောင်းလဲချိတ်ဆက်မှာ ဖြစ်ပါတယ်။
များသောအားဖြင့် ဒီ cells တွေဟာ base station ကနေ 60 degree ကို ဧရိယာခွဲပြီး ခြောက်ထောင့်ပုံ (Hexagonal) ရှိပါတယ်၊ ရံဖန်ရံခါ ၃ ပိုင်းသာပိုင်းပြီး 3-Cells (120 degree) လဲ လိုအပ်ရင် ထားတပ်ပါတယ်၊ ဒီလိုခွဲလိုက်တဲ့အခါ ဆက်သွယ်ရေး ဧရိယာတစ်ခုလုံးဟာ ခြောက်ထောင့်ကွက်တွေဆက်ထားတဲ့ ပျားအုံပုံ ဖြစ်လာပါတယ်၊ ဆက်သွယ်မှုပြုတဲ့နည်းလမ်း (Access Technology), သုံးစွဲသူကိုထိမ်းချုပ်တဲ့နည်းလမ်း (User Management/Control), ဆဲလ်တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းမှု (Hand-Off Technology) စတာတွေ ကွာခြားလို့သာ CDMA, GSM စသည်ဖြင့် နည်းပညာတွေကွာခြားသွားပါတယ်၊ DAMPS, CDMA, GSM, ဘယ်မိုဘိုင်းဆကိသွယ်ရေးစနစ်မဆို ဒီ cell ဒီဇိုင်း ဒီပုံစံကိုပဲ ယနေ့တိုင် စံပြုသုံးစွဲနေကြဆဲပါပဲ။
ဥပမာ သုံးစွဲသူတစ်ယောက်ဟာ Cell-A ကနေ Cell-B ကို သွားနေရင်း ဆက်သွယ်မှုပြုလာရင် အစမှာတော့ သူနဲ့အနီးဆုံး ဖြစ်တဲ့ Cell-A နဲ့ချိတ်ဆက်နေမှာပါ၊ သွားရင်း cell နှစ်ခုရဲ့ အစပ်ကိုရောက်လာရင် ထိမ်းချူပ်ရေးစခန်းကနေ သုံးစွဲသူရဲ့ ဟင်းဆက်ကနေ base Station တွေရဲ့ရေဒီယိုဆက်သွယ်မှု အခြေအနေကို နှိုင်းယှဉ်ကြည့်ပါတယ်၊ အဓိကကတော့ ချိတ်ဆက်နေတဲ့ ရေဒီယိုလှိုင်းရဲ့ ဆက်သွယ်မှုပါဝါ (Receiving Power Level) ကိုကြည့်ပါတယ်၊ တကယ်လို့ Station-B ကနေ သုံးစွဲသူကို ချိတ်ဆက်နိုင်တဲ့ အခြေအနေဟာ Station-A ထက် ကောင်းနေတယ်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းဟာ Station-B ဆီကို ဆက်သွယ်မှု မပြတ်တောက်စေပဲ ပြောင်းလဲချိတ်ဆက်သွားပါတယ်၊ ဒီလို ပြောင်းလဲချိတ်ဆက်တာကို “Cell Switching” လို့ခေါ်ပြီး Station-A နဲ့ သုံးစွဲသူ ဆက်သွယ်မှုကို Station-B ကနေလွှဲပြောင်းယူတာကို “Hand-Off” လုပ်တယ်လို့ သုံးနှုံးပါတယ်။

Cellular Technology Concept
နောက်တစ်ခုကတော့ GSM သုံးစွဲသူတစ်ယောက်ဟာ ဆားဗစ်ဧရိယာ တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းသုံးစွဲနိုင်တာ (Roaming) ပါပဲ၊ မြန်မာပြည်မှာ Service Provider က MPT တစ်ခုသာရှိလို့ ဒီကိစ္စဟာ မသိသာလှပေမယ့် Service Provider တစ်ဦးထက်သာ ပိုခဲ့ရင် အရေးကြီးလာပါပြီ၊ ဥပမာ GSM သုံးစွဲသူတစ်ယောက်ဟာ Service Provider-A ကနေသုံးစွဲမှုကိုယူထားတယ် ဆိုပါစို့၊ သူက သွားရင်းလာရင်းနဲ့ Service Provider-B ရဲ့နက်ဝပ်ထဲကို ရောက်သွားတယ် ဆိုကြပါစို့၊ Service Provider-A နဲ့ Service Provider-B တို့ဟာ အရင်ထဲက သဘာတူညီမှု ရှိထားရင် သုံးစွဲသူဟာ Service Provider-B ရဲ့ နက်ဝပ်ဧရိယာထဲမှာ ဆက်လက်သုံးစွဲ နိုင်ပါတယ်၊ GSM မှာ ဒီ Roaming ဆားဗစ်ဟာ တော်တော်အရေးပါသလို GSM ကို World Wide လူသုံးအများဆုံးဖြစ်အောင် အောင်မြင်စေခဲ့တဲ့ အကြောင်းရင်းလဲ ဖြစ်လာပါတယ်။

Roaming from One Service Area to Another

ဂျီအက်စ်အမ် နည်းပညာမိတ်ဆက် (GSM Technology Introduction)

ဒီနေ့ခေတ်မှာ GSM ဆိုရင် ကလေးလူကြီးသိကြပြီးသားပါ၊ GSM ရဲ့အရှည်ကတော့ Global System for Mobile ဖြစ်ပါတယ်၊ တကယ်တန်းတော့ GSM ဟာ Digital Cellular Communication System ရဲ့ မျိုးဆက်သစ် တစ်ခု ဖြစ်ပါတယ်၊ မြန်မာပြည်မှာ အစောဆုံးပေးခဲ့တဲ့ လက်ကိုင်ဖုံး (Mobile Phone) တွေကို ဆယ်လူလာဖုံးလို့ ခေါ်ခဲ့ကြရာက နောက်ပိုင်းမှာ ဆယ်လူလာဟာ ဂျီအက်စ်အမ်လောက် မကောင်းဖူးဆိုတဲ့ အယူအဆ ပြောဆိုမှုတွေ ပေါ်လာရတာဖြစ်ပါတယ်၊ တကယ်တော့ Cellular ဆိုတာဟာ ခြုံငုံပြီးခေါ်တဲ့ နည်းပညာအခေါ် (General Term) သာ ဖြစ်ပါတယ်။
သွားလေရာ ဆောင်ယူဆက်သွယ်နိုင်တဲ့ Cellular communications ရဲ့ အစကို Bell laboratory ရဲ့ Research တစ်ခုကနေစတင်ခဲ့ပါတယ်၊ အစဦးမိုဘိုင်းစံနစ်ကို AMPS (Advanced Mobile Phone System) လို့ အသိများပါတယ်၊ 1980 လောက်မှာ စတင်ခဲ့တဲ့ ဒီ AMPS စံနစ်ဟာ Analog စံနစ်ပါ၊ နောက်ပိုင်း Digital system တွေ အားကောင်းလာတဲ့အခါ AMPS ဟာ ပြောက်ကွယ်သွားပါတယ်၊ Analog AMPS ကို မွန်းမံထားတဲ့ Digital-AMPS (D-AMPS) ဟာ နောက်ပိုင်းမှာ ပေါ်ပေါက်လာပါတယ်၊ ဒီ D-AMPS ဟာလဲ ခေတ်ရဲ့ လိုအပ်ချက်ဆားဗစ် (data, internet) စတာတွေကို မဖြည့်ဆည်းနိုင်တဲ့အတွက် နိုင်ငံတကာမှာ ထပ်မံတိုးချဲ့ခြင်း မရှိတော့ပါဘူး၊ (မြန်မာနိုင်ငံမှာ ဆယ်လူလာလို့ အသိများတဲ့ ဖုံးတွေဟာ ဒီ D-AMPS စံနစ်တွေပါ)၊
GSM ရဲ့ အစကို 1982 မှာ ”ဥရောပ စာတိုက်နဲ့ဆက်သွယ်ရေးကြီးကြပ်မှုအဖွဲ့” (European Conference of Postal and Telecommunications Administrations) ကြီးကနေ စတင်ခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ အမျိုးမျိုးကွဲပြားနေတဲ့ မိုဘိုင်းဆက်သွယ်ရေးစံနစ်တွေကို စံတစ်ခုအဖြစ်သတ်မှတ်ပြီး ဥရောပတစ်ခုလုံးမှာ ဆက်သွယ် အလုပ်လုပ်နိုင်ဖို့ပါပဲ၊ ကနဦး GSM ရဲ့အမည်ဟာ “Groupe Special Mobile” ဖြစ်ပါတယ်၊ 1989 မှာတော့ GSM နဲ့ပါတ်သက်တဲ့ ကိစ္စအဝဝကို ETSI (European Telecommunications Standards Institute) ကနေလွှဲပြောင်းယူခဲ့ ပြီး ဒီနေ့အမည်ဖြစ်တဲ့ Global System for Mobile ဖြစ်လာပါတယ်၊ GSMA လို့ခေါ်တဲ့ “GSM Association” ကို 1995 မှာ ဖွဲ့စည်းခဲ့ပါတယ်၊ ETSI ဟာ နည်းပညာ စံသတ်မှတ်ချက်တွေကို ကိုင်တွယ်ပြီး GSMA ကတော့ ကြီးကြပ်မှု၊ စည်းမျဉ်း၊ စည်းကမ်း၊ လိုင်စင်၊ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို ဆောင်ရွက်ပါတယ်၊ 2000 နောက်ပိုင်းမှာတော့ GSM ဟာ အင်အား အကောင်းဆုံး မိုဘိုင်းဆက်သွယ်ရေးစံနစ်တစ်ခု ဖြစ်လာပါတယ်။

GSM Encryption was cracked


(နောက် ပို့စ်တွေမှာ GSM နဲ့ပါတ်သက်ပြီး ရေးဖို့ စဉ်းစားထားပါတယ်၊ ဒါပေမယ့် အရင်လတွေက သတင်းတစ်ပုဒ်ကို စိတ်ဝင်စားမိလို့ ဒီကြားဖြတ် article ကို ရေးဖြစ်ပါတယ်။)
ကျွန်တော်တို့သုံးနေကြတဲ့ GSM ဖုံးတွေဟာ ဆယ်စုနှစ် နှစ်စုကျော်လောက် ရှိနေပြီဖြစ်တဲ့ နည်းပညာတစ်ခုပါ၊ တည်ငြိမ်မှု အဆင်ပြေမှု ရနိုင်မယ့် ဆားဗစ် စတာတွေမှာ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်၊ တကမ္ဘာလုံးမှာလဲ အသုံးအများဆုံးဖြစ်ပါတယ်၊ ဒီဆက်သွယ်ရေး နည်းပညာနဲ့ပါတ်သက်လို့ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုက အကောင်းကြီးမဟုတ်လှပါဖူး။
Wireless communication နည်းပညာတွေမှာ လုံခြုံရေးဆိုတာ တော်တော်ကြီးအရေးကြီးလှသလို Developer, Service Provider တွေအတွက်လဲ ခေါင်းခဲစရာတစ်ခုပါ၊ Wireless ဆိုတဲ့အတိုင်း လေထဲကို ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေဟာ ဒီဆက်သွယ်ရေးနက်ဝပ် ပေါ်မှာရှိတဲ့ သုံးစွဲသူတိုင်းကတနည်းနည်းနဲ့ရယူနိုင် ရောက်သွားနိုင်ပါတယ်၊ ဒါကြောင့် GSM communication မှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုတဲ့အသံ၊ ပို့တဲ့ သတင်းအချက်အလက် စတာတွေကို ကာကွယ်ဖို့ A5/1 ဆိုတဲ့ Encryption နည်းပညာတစ်ခုကိုသုံးပါတယ်၊ Encryption ဆိုတာကတော့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကို ကြားဖြတ်ယူလို့မရနိုင်အောင် လျို့ဝှက်ကုတ်ဒ်နံပါတ်တစ်ခု(key)နဲ့ ပြောင်းလဲ(Cipher) လိုက်တာပါပဲ၊ ကြားဖြတ်ဖမ်းယူလို့ရခဲ့ရင်တောင် မူရင်းအချက်အလက် ကိုရအောင်ပြန်ပြောင်းဖို့ မလွယ်ကူပါဘူး၊ မူရင်း လျို့ဝှက်ကုတ်ဒ်နံပါတ်နဲ့ ပြောင်းလဲတဲ့နည်းပညာကို သိမှ ရနိုင်တာပါ၊ ဒီ Encryption method နဲ့ KEY ကို Developer/Service Provider တွေက ထိမ်းချူပ်ထားပါတယ်၊ ရုပ်ရှင်တွေထဲမှာ Cell ဖုံးပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာ တွေဖူးမှာပါ၊ ဒီလိုလုပ်ဖို့ဆိုရင် ကုန်ကျစရိတ်ရော အရွယ်အစားရော တော်တော်ကြီးတဲ့ (Military Grade) စက်ပစ္စည်းတွေနဲ့မှ ရနိုင်တာပါ၊ (အကြမ်းဖျဉ်းပြောရရင် GSM Base station တစ်ခုစာလောက် စက်ပစ္စည်းတွေ လိုပါတယ်)။
GSM association ဟာ A5/1 encryption standard ကိုလျို့ဝှက်ထားခဲ့ပါတယ်၊ ဒါပေမယ့် researcher, hacker တွေရဲ့ တစတစ ဖေါ်ထုတ်မှုကြောင့် A5/1 ရဲ့အလုပ်လုပ်ပုံကို 1999 မှာ အားလုံးဖေါ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီနောက် မှာတော့ ဒီ encryption ကို crack လုပ်ဖို့ researcher, hacker တွေဟာ ကြိုးစားကြပါတော့တယ်၊ တချိန်ထဲမှာ ဒီ A/51 ရဲ့ အားနည်းချက်တွေကို ထောက်ပြပြောဆိုမှု ပြင်ဆင်ဖို့ ဆော်သြ စုစည်းမှုတွေ ရှိပေမဲ့ Service Provider အများစုက မလိုက်နာတဲ့အတွက် မပြင်နိုင်ကြပါဘူး၊ ကြားထဲမှာ A/51 ကို crack လုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် public ကိုထုတ်ပြန်ခြင်းမရှိခဲ့သလို real time attack မဟုတ်ပဲ offline attack တွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်၊ real time attack ဆိုတာကတော့ ဖုံးပြောဆိုမှုတစ်ခုကို အချိန်နဲ့တပြေးထဲညီ ကြားဖြတ်နားထောင်နိုင်တာမျိုးကိုဆိုလိုတာပါ၊ Offline attack ဆိုတာကတော့ အချက်အလက်အားလုံးကို ကြားဖြတ်သိမ်းဆည်းထားပြီး ပြီးမှပြန်လည်ဖေါ်ထုတ်ယူတာပါ။ 2009, December မှာ ဂျာမန်ကွန်ပျူတာအင်ဂျင်နီယာ Karsten Nohl ရဲ့ A5/1 security research အဖွဲ့ကနေ A/51 ကို crack လုပ်တဲ့ Method, Program, Algorithm , အားလုံးကို ထုတ်ဖေါ်ပြသခဲ့ပါတယ်၊ အရင်ကထက်စာရင် လိုအပ်တာက FPGA (Field Programmable Grid Array) devices, ကွန်ပျူတာတစ်လုံးနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲ ပါပဲ၊ အရင်လို ဗင်ကားတစ်စီးစာလောက် စက်ပစ္စည်းတွေ မဟုတ်တော့ပါဘူး၊ FPGA ဆိုတာကတော့ ကျောင်းတွေ၊ research lab တွေမှာသုံးတဲ့ လိုအပ်သလို functions တွေကို ပရိုဂရမ်လုပ်နိုင်တဲ့ ကွန်ပျူတာ chip တွေပါ၊ ဈေးနှုံးလဲ မကြီးလှပါဘူး၊ System setup အားလုံးဟာ $1000 အောက်ပစ္စည်းကုန်ကျစရိတ်သာရှိပြီး အလွယ်တကူလဲဝယ်ယူနိုင်ပါတယ်၊ Live GSM conversation တစ်ခုကို မိနစ်ပိုင်းအတွင်းမှာ crack လုပ်နိုင် လိုအပ်တဲ့ key, ID စတာတွေကို ဖေါ်ထုတ်နိုင်ပါတယ်လို့ ဆိုပါတယ်။
Black Hat, CHAOS စတဲ့ ကွန်ပျူတာကွန်ဖရင့်တွေမှာ ဖေါ်ထုတ်ပြသပြီးနောက်မှာ GSMA ဟာ service provider တွေကို လိုအပ်တဲ့ security key တွေကိုကန့်သတ်ဖို့နဲ့ ပိုပြီး လုံခြုံတဲ့ A5/3 encryption ကို သုံးဖို့ ပြောဆိုခဲ့ပါတယ်၊ A5/3 ဟာ 3G အတွက်ရည်ရွယ်တဲ့ နည်းပညာဖြစ်ပြီး 128bits key ကိုသုံးပြီး A5/1 ဟာ 64bits ကိုသုံးပါတယ်၊ Encryption သဘောတရားအရ key length ပိုရှည်ရင် ပိုပြီး လုံခြုံပါတယ်၊ ထုတ်ဖေါ်တဲ့အခါလဲ ပိုပြီး အချိန်ယူရပါတယ်၊ ပြသာနာက ထုနဲ့ထည်နဲ့ ရှိနေတဲ့ GSM network တွေဟာ လိုအပ်တဲ့ ပြောင်းလဲမှုကို လွယ်လွယ်ကူကူ လုပ်လို့မရနိုင်ပါဘူး၊ တချို့ စနစ်တွေဟာ A5/3 ကို support မပေးနိုင်သလို hardware encryption တွေရဲ့ သဘောသဘာဝဟာ လွယ်လွယ်ကူကူ ပြောင်းလို့ မရပါဘုး၊ Researcher တွေက A5/3 ဟာလဲ ထိုးဖေါက်ခံရဖို့ အချိန်မကြာလောက်ဘူးလို့ ခန့်မှန်းကြပါတယ်၊ မကြာလှပါဘူး Israel’s Weizmann Institute of Science က researcher တွေကနေ A5/3 ကို နှစ်နာရီအတွင်း crack လုပ်နိုင်ကြောင်း 2010 နှစ်စပိုင်းမှာ ပြသခဲ့ပြန်ပါတယ်။
GSM community တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားပါပြီ၊ ဘယ်သူမှ ကိုယ့်ဖုံးလိုင်းကို ကြားဖြတ်နားထောင်မှာ သဘောကျကြမှာ မဟုတ်ပါဘူး၊ Reviewer တွေကတော့ အခိုက်အတန့် စိုးရိမ်စရာ မလိုသေးကြောင်း ပြေဆိုနေကြပါတယ်၊ အရေးကြီး ဖုံးဆက်သွယ်မှုများအတွက် သံသယရှိရင် user level encryption, ဒါမှမဟုတ် CDMA ဖုံးကိုသာ သုံးစွဲဖို့ အကြံပေးထားပါတယ်၊ ဒါကလဲ GSM vs CDMA ပြိုင်ပွဲမှာ CDMA အတွက် တကွက်ကြောစရာ ဖြစ်လာလေဦးမလား ယူဆကြပါတယ်၊ GSMA, Developer, Network Supplier, Industries တွေအတွက် ခေါင်းခဲစရာ ဖြစ်နေသလို ဘာတွေဆက်လုပ်ကြဦးမလဲစောင့်ကြည့်ရပါဦးမယ်။
http://hackaday.com/2009/12/30/gsm-cracked/
http://www.engadget.com/2009/12/29/gsm-call-encryption-code-cracked-published-for-the-whole-world/
http://www.engadget.com/2010/01/15/3g-gsm-encryption-cracked-in-less-than-two-hours/
http://reflextor.com/trac/a51
http://en.wikipedia.org/wiki/A5/1

Ref: http://internet1500.blogspot.com/2012_06_01_archive.html

0 comments:

Post a Comment